မောက်မယ်မြို့ဟိုနမ့်ဒေသတွင် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မောက်မယ် သြဂုတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုပအိုဝ့်ဒေသရှိ  မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မြေပဲစိုက်တောင်သူများ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကာ ယခုနှစ်တွင် မိုးကောင်း၍ ပို၍အောင်မြင်ဖြစ်ထွန်းကြောင်း ဟိုနမ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မောက်မယ်မြို့နယ်အတွင်း တောင်ပေါ်ဒေသတွင် မြေပဲ၊ ဂျင်း၊ ပဲပုတ်၊ ပန်းနှမ်း၊ ငရုတ်သီး ကိုအဓိကစိုက်ပျိုးကြပြီး မြေပြန့်တွင် ပဲပုတ်၊ ပဲတီစိမ်း၊ ပြောင်း၊ နှမ်းစသည့် သီးနှံများနှင့် မီးဖို ဆောင်သီးနှံများဖြင့် စိုက်ပျိုးရေးလုပ်ကိုင်စားသောက်ရသည့် မြို့နယ်ဖြစ်ပြီး ယခုနှစ်တွင် မိုးကောင်းသ ဖြင့် ပအိုဝ့်တောင်ပေါ်ဒေသတွင် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ယခင်နှစ် ဟိုနမ့်စျေးတွင် မြေပဲစေ့ခြောက်တစ်ဗူးလျင် ငွေကျပ် ၅၀၀ နှုန်းသာ ရောင်းရကြောင်း ယခုနှစ်တွင် မြေပဲစေ့ခြောက် တစ်ဗူးလျှင် ငွေကျပ် ၁၀၀၀ နှုန်း စျေးရောင်းချနေရပြီး တစ်ခွဲလျှင် ငွေကျပ် ၄၀၀၀၀ ဖြင့် ရောင်းရကြောင်း ယခုနှစ်အတွင်း ပို၍မိသားစုဝင်ငွေ ပိုတိုးလာကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။

 စိုင်းမျိုးသန့်(မောက်မယ်)