ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၃) ဖွင့်လှစ်

ရန်ကုန် ဩဂုတ် ၂၉                     

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော် မတီ၏ကြီးကြပ်မှုဖြင့် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၃)ဖွင့်ပွဲအခမ်းအနာကို ယမန် နေ့နံနက်၉နာရီက၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ လှိုင်စင်တာတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဥပဒေချုပ်ဦးဋ္ဌေးအောင်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသား များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက် ဆိုတာအသိပညာ၊ ဗဟုသုတတွေကို စုဆောင်းထားရှိသည့် ရတနာသိုက်ကြီးလို့ တင်စားပြောဆိုနိုင်ကြောင်း၊ စာဖတ်သူတွေအတွက် သိလိုသော အကြောင်းအရာတွေကို တစ်နေရာထဲမှာ သိရှိစေဖို့ရည်ရွယ်ပြီး ဘာသာရပ်အလိုက် စာအုပ်မျိုးစုံကို စုဆောင်းထားသည့်ပညာရပ်တွေ ဖြန့်ကျက်ရာနေရာလို့လည်းဆိုနိုင်ကြောင်း၊   စာကြည့်တိုက်ရဲ့အကျိုးကျေးဇူးအနေနဲ့ သုတရသစာပေများကို တစ်နေရာတည်းမှာ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပြီး စာအုပ်တွေကနေတစ်ဆင့် နယ်ပယ်ပေါင်းစုံကို ခြေဆန့်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဥပဒေချုပ် ဦးဋ္ဌေးအောင်က စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက စာကြည့်တိုက်များအတွက် စာအုပ်စာစောင်လှူဒါန်းနိုင်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှင်သန်လည်ပတ်နေသော ရပ်ကွက်/ ကျေးရွာစာကြည့်တိုက် ၁၂၀ တိုက်အတွက် ပထမအကြိမ်အဖြစ် ငွေကျပ် ၅၅၀ သိန်းတန်ဖိုးရှိ စာအုပ်ပေါင်း ၃၂၆၄၀ အုပ်ကို ၂၂-၄-၂၀၂၂ ရက်နေ့မှာလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ငွေကျပ် ၅၅၀ သိန်းတန်ဖိုးရှိ စာအုပ်ပေါင်း ၁၄၀၄၀ အုပ်ကို ၁-၃-၂၀၂၃ ရက်နေ့မှာလည်းကောင်း လှူဒါန်းနိုင်ခဲ့ကြောင်း၊ ဒါ့အပြင် ကိုကိုးကျွန်းမြို့နယ်စာကြည့်တိုက်နဲ့ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) စာကြည့်တိုက်များအတွက် ငွေကျပ်၅သိန်းနှုန်းစီတန်ဖိုးရှိသည့် စာအုပ်တွေလှူဒါန်းနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ၁၂၀ တိုက်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ စာကြည့်တိုက် ၃၀ တိုက်အတွက် ငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်အတွဲ(၁)(က-ကုတ်) ၁၅၀အုပ်ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၊ စာကြည့်တိုက်အတွက် ငွေကျပ်၁၂သိန်းခန့်တန်ဖိုးရှိ စာအုပ်၅၂၂အုပ်ကိုလည်းကောင်း ပေးအပ်လှူဒါန်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးဆန်းဝင်းက စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် ( ၃ ) ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက် ၁၂၀ တိုက်အတွက် စာအုပ်စာစောင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ၄၅တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီစာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၃)ကို ဩဂုတ်လ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ၃ ရက်တာဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူဦးရေ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)