ကျောက်ဖြူ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၂၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က စေတီရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကညင်တောရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေများကို ကျောင်းသား/ကျောင်းသူများ သိရှိစေရန် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ခရိုင်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်က ကလေးသူငယ်များ သက်ငယ်မုဒိမ်းဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြော ကြသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ကျောင်းသား/ကျောင်းသူများအား ဆွေးနွေးပြောကြားပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ စာအုပ်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)