ပြင်ဦးလွင်ခရိုင်တွင် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ( ၄/၂၀၂၃-၂၀၂၄) ဖွင့်လှစ်

ပြင်ဦးလွင် ဩဂုတ် ၂၈

ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ( ၁၀ ) နာရီက ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ၊ ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများစုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း ကအဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းပူးပေါင်း ဖွင့်လှစ်သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ( ၄ / ၂၀၂၃-၂၀၂၄) ကို (၂၈-၈ - ၂၀၂၃) နေ့မှ (၁-၉-၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ ( ၅) ရက်ဖြင့် နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၆:၀၀) နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနည်းပြဆရာများမှ ဆပ်ပြာဆီ အမျိုးမျိုးထုတ်လုပ်နည်း၊ ဆပ်ပြာခဲ၊ ဆပ်ပြာဆီ၊ ဆပ်ပြာခရင်မ် အမျိုးမျိုး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ကြမ်းတိုက်ဆေးအမျိုးမျိုးစသည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (၁၈) မျိုးတို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ သင်တန်းသား (၂၀) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ဖြူလူသစ် ခရိုင် ( ပြန် / ဆက် )