မြောက်ဦး ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၁ နာရီက ကျောက်ရာဇ်ကေရပ်ကွက် ၊ အ.မ.က (မူလွန်) ကျောင်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးထွန်းမင်းသိန်းက "ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်စို့" အကြောင်းကို ဟောပြောရာတွင် ပလတ်စတစ်နှင့် ဆက်စပ်အမှိုက်များ၏ ဆိုးကျိုးများအကြောင်း၊ အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဖြစ်ပွားနိုင်သော ရောဂါများအကြောင်း၊ သာမာန်အမှိုက်နှင့်ပလတ်စတစ်၊ ပလတ်စတစ်ရောနှောပစ္စည်း အမှိုက်များ ဆွေးမြေ့မည့်ကြာမြင့်ချိန်၊ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်မည့်နည်းလမ်းများ စသော အကြောင်းအရာများကို အကျယ်တဝင့် ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်နည်း မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် စွန့်ပစ်အမှိုက်များကို အမှိုက်ပုံးရှိရာသို့ စနစ်တကျစွန့်ပစ်ကြစေရန် စသောအကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၆၀) ဦးခန့်တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းတတ်စေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများကို အသိပညာပေး လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)