ကျောက်မဲ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ ၃၀၀၀ ကျော်အနက်မှ ဒုတိယအကြိမ် ထောက်ပံ့ရန်ကျန်ရှိသည့် လူဦးရေ ၂၀၁၄ ဦးအတွက် ဆန်ဖိုးငွေ ၄၂ သိန်းကျော်ကို ကျောက်မဲ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ် က ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်ကော်မတီသို့ ယနေ့နံနက် ၁၀ နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း တို့က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင် တစ်ရက်စာ ဆန် ၂ ဘူး နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ လူဦးရေ ၁၂၄၁ ဦးအတွက် ၁၄ ရက်စာ (နှစ်ပါတ်)ကိုလည်းကောင်း၊ လူဦးရေ ၂၀၁၄ ဦးအတွက် ၇ ရက်စာ(တစ်ပါတ်)ကိုလည်းကောင်း တိုက်ပွဲရှောင် ကော်မတီမှတစ်ဆင့် ယခင်ရက်များက ထောက်ပံ့ပေးအပ်ခဲ့ပြီးကြောင်း သိရပြီး ယနေ့ လွဲပြောင်းပေးသည့်ငွေသည် လူဦးရေ ၂၀၁၄ ဦးအတွက် ဒုတိယအကြိမ် ထောက်ပံ့ပေးရန် ဆန်ဖိုး ၇ ရက်စာ (တစ်ပါတ်) ငွေများဖြစ်ကြောင်း သိရသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနမှ ယနေ့အထိ အဆိုစစ်ဘေးရှောင် ပြည်သူ ၃၂၅၅ အတွက် တန်ဖိုးငွေကျပ်သိန်းတစ်ရာ့သုံးဆယ် ခြောက်သိန်းကျော် (၁၃၆၇၁၀၀၀/-)ရှိ ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)