ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌  ဆရာတော် ယုဇန(ကျောက်ဖြူ)၏ “ရမ္မာဝတီ ရခိုင်သဘာဝ ဇမ်းကဗျာ” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်

ကျောက်ဖြူ      ဩဂုတ်    ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆရာတော် ယုဇန(ကျောက်ဖြူ)၏ “ရမ္မာဝတီ ရခိုင်သဘာဝဇမ်းကဗျာ” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ စာပေဝါသနာရှင် ရဟန်းသံဃာတော်များ၊ စာရေးဆရာများနှင့် စာပေဝါသနာရှင်ပြည်သူ(၅၀) ဦးခန့် တက်ရောက် အားပေးကြသည်။

အခမ်းအနားကို မြန်မာနိုင်ငံ ဆိုကရေးတီးပြိုင်ပွဲ ရွှေတံဆိပ်ဆုများရှင် ဦးဇော်နေညွန့်နှင့်အဖွဲ့က ဇမ်းကဗျာအားသီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး စာရေးဆရာ ဆရာတော် ယုဇန(ကျောက်ဖြူ)၏ အထေရု ပ္ပတ္တိကို ဦးအောင်စောသိန်းက ဖတ်ကြားသည်။ ထို့နောက် စာရေးဆရာ ဆရာတော် ယုဇန(ကျောက်ဖြူ)က စာအုပ်ထုတ်ဝေရခြင်းနှင့်ပတ်သက်၍ မိန့်ကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က မုဒိတာစကားပြောကြား၍ စာရေးဆရာ မောင်ငယ်သစ်နှင့် ဆရာမမွန် (ကျောက်ဖြူ)တို့က “ဇမ်းကဗျာ” စာအုပ်အားမိတ်ဆက်ပေးကာ စာရေးဆရာ ဝေယံလင်းထက်က စာဖတ်သူ၏အမြင်အား ပြောကြားသည်။ သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရက ဇမ်းကဗျာနှင့် ပတ်သက်သည့် ဗဟုသုတအကြောင်းအရာများကို မိန့်ကြားပြီး အခမ်းအနား တက်ရောက်လာကြသော စာရေးဆရာများက ဇမ်းကဗျာများဖြင့် သီဆိုတင်ဆက်ပေးခဲ့ကြသည်။

အဆိုပါ ဇမ်းကဗျာစာအုပ်တွင် ကဗျာပုဒ်ရေပေါင်း ၁၁၀ ပုဒ်ပါရှိပြီး ကျေးလက်တောရွာနေ လူပျိုအပျိုတို့၏ ခံစားချက်နှလုံးသားမှယိုစီးလာသည့် ရသတစ်မျိုးကို ဖွဲ့ဆိုထားသည့် ကဗျာအမျိုးအစား ဖြစ်ကာ ရမ္မာဝတီသားပျို၊ သမီးပျိုများ ဒေသဓလေ့စရိုက် ယဉ်ကျေးမှုတစ်မျိုးဖြစ်သော ဇမ်းကဗျာ သည် ဟင်းခူး၊ ငါးရှာ၊ ထင်းခုတ်၊ ပျိုးနှုတ်၊ ကောက်စိုက်သည့်အခါတွင် လူပျို အပျိုတို့၏ သဘာဝ သွေးသားအား လျှော်စွာ အပြန်အလှန်စပ်ဆိုသည့် ဇမ်းကဗျာအမျိုးအစားဖြစ်ပြီး ၎င်းကဗျာများသည် ဂုဏ်ရသမြောက်သော၊ ဆန်းအလင်္ကာနှင့်စပ်ဟပ်၍ ရွတ်ဆို ၍ကောင်းသော၊ နားထောင်၍ သာယာနာပျော်ဖွယ်ကောင်းသော  ကဗျာအမျိုးအစားများဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)