မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်နှင့် စာပေဆိုင် ရာကောင်းကျိုးများ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောက်ဦး ဩဂုတ် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာပေ၏ ကောင်းကျိုးကို သိရှိပြီး စာအုပ်စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့် အလေ့အထ ပိုမိုတိုးတက် ရရှိစေရေး လူငယ်နှင့်စာပေဆိုင်ရာ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂  ဦးမြင့်စိုးက ယနေ့ လူငယ်များသည်နောင်အနာဂတ်တွင် နိုင်ငံတော် အကျိုးအတွက် သားကောင်းရတနာများ ဖြစ်ပါကြောင်း၊ နောင်အနာဂါတ်တွင်လည်း မှန်ကန်ကောင်းမွန်သည့် အနာဂါတ် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အတွေးမှန် ၊ လုပ်ရပ်မှန် စေရန် စာအုပ်စာပေဖတ်ရှုရန်လိုအပ်ပါကြောင်း နှင့်စာပေဖတ်ရှုဖြင်းကြောင့် ရရှိလာမည့် အကျိုး ကျေးဇူးများ အကြောင်း၊ လူငယ်များ အနေဖြင့်ယခင်ထက်ပိုမိုစာကြိုးစားပြီး မိမိတို့မျှော်မှန်း ထား သောပန်းတိုင်ကို ရောက်အောင် ကြိုးစားကြရန် စသည့် အကြောင်းအရာ များကို  အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြောက်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၂)ကျောင်းမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ/ ကျောင်းသား (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)