ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပုဗ္ဗသီရိ ဩဂုတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်က ကျေးလက်နေတောင်သူများအနေဖြင့် နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆီထွက်သီးနှံများကို အလေးထားစိုက်ပျိုးစေလိုကြောင်း၊ ဆန်ဖူလုံရေးအတွက် စပါးစိုက်ပျိုးစေလိုကြောင်း၊ ရေအခက်အခဲရှိပါက ဆည်မြောင်းဦးစီးဌာနမှ အလှည့်ကျရေပေးဝေလျက်ရှိကြောင်း၊ စိုက်ပျိုးမြေအတွက် လက်ရှိစိုက်ပျိုးနေသော မြေနေရာတွင်နှစ်သီးစား၊ သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ အသားဖူလုံရေးအတွက် မွေးမြူရေးကိစ္စကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ပြီးဆောင်ရွက်ခြင်းဖြင့် တစ်ဆင့်မြှင့်လာနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်ပြည့်ဝအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနအသီးသီးကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းစီးမှူး ဦးစိုးနိုင်က  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်အချက်အလက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူး ဦးထက်အောင်ကျော်က ဆီစက်လုပ်ငန်းရှင်များ၊ တောင်သူများအနေဖြင့် ဆီဖူလုံမှုတိုးတက်စေရေးတို့အတွက် သွင်းအားစုများ ပြည့်ပြည့်ဝဝ အသုံးပြုနိုင်ရန်၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လိုပါက တောင်သူများ သီးနှံအထွက်တိုးစေပြီး ဝင်ငွေများပိုမိုရရှိရေးတို့အတွက် ဆောင်ရွက်သင့်ပါကြောင်းပြောကြားရာ တောင်သူများနှင့် ဆီလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်၊ ဒု-တိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပျိုးထောင်ထားသည့် မန်းကျည်းပျိုးပင် သုံးသောင်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်