ကလောမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၄)မျိုး သင်တန်းဖွင့်ပွဲ ကျင်းပ

ကလော ဩဂုတ် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၄)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကလောမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က သင်တန်းဖွင့်လှစ်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၄)မျိုးဖြစ်သည့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ ဧည့်ကြိုသင်တန်း၊ အစားအစာ၊ အဖျော်ယမကာ (ဝန်ဆောင်မှု) သင်တန်းနှင့် အစားအစာထုတ်လုပ်မှုသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့အထိ သင်တန်းသား ၁၅၆ ဦးကို သင်တန်းအလိုက် သတ်မှတ်ထားသော နေရာများတွင် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)