ဟိုပန် ဩဂုတ် ၂၈
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက်များအား သိရှိနိုင်ရေးအတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီက မန်ကောင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဟိုပန်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစောရန်အောင်က ယခုလိုမိုးရာသီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိုးရေကျသော ရေကန်များ၊ ချောင်း၊ မြောင်း၊ အင်းအိုင်များ စသည်နေရာများတွင် သွားရောက်ရေဆော့ကစားခြင်းများ မပြုလုပ်ရန်၊ မိုးကျချိန်တွင် အဆိပ်ရှိသော သတ္တဝါ၊ အကောင်များ မျောပါလာနိုင်သည့်အတွက် သတိပြုရမည်ဖြစ်ကြောင်း၊ လေပြင်းတိုက်ချိန်၊ မိုးချိန်းချိန်၊ လျှပ်စစ်လျှပ်ခြင်းများ ဖြစ်ပေါ်တတ်သည့်အတွက် ၎င်းအချိန်တွင် ဖုန်းများမသုံးသင့်ကြောင်း၊ လမ်း၊ သစ်ပင်အောက်များတွင် နေထိုင်ခြင်းမပြုဘဲ မိမိနှင့်နီးစပ်လျက်ရှိသည့် အဆောက်အအုံကို ရှာဖွေခိုလှုံရမည်ဖြစ်ကြောင်းနှင့် လေပြင်းတိုက်ခတ်နေစဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန် စသည့်အချက်များနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)