အ.ထ.က မိုင်းနောင်ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

မိုင်းနောင် သြဂုတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinoparm)ထိုးနှံခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသော ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက နာရီဝက်စောင့်ဆိုင်းစေခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ဆက်လက်၍ မိုင်းနောင်မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းမေထားနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူ(၂၂၀)ဦးအား ကာကွယ်ဆေးထိုးနှံပေး၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသားများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ခန္ဓာကိုယ်အရပ်တိုင်းခြင်း၊ သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)