ပင်းတယမြို့နယ်၌ ဂျူးမြစ်များ လှိုင်လှိုင်ထွက်ရှိ၍  ဂျူးစိုက်တောင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေ

ပင်းတယ ဩဂုတ် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် တောင်ပေါ်ကြီးကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ဂျူးမြစ်လှိုင်လှိုင်ထွက်ရှိပြီဖြစ်၍ ဂျူးစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှပြီး စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်အနီး၊ တောင်ပေါ်ကြီး၊ ပန်းစစ်၊ မဲနယ်တောင်၊ ကြံခင်းမြောင်၊ ထွက်နီ၊ ကြေးတွင်းကုန်းစသည့် အအေးပိုသည့် တောင်ပေါ်တစ်လျှောက် ကျေးရွာများတွင် ဂျူးမြစ်များကို ဧကအများအပြား စိုက်ပျိုးကြပြီး ယခုအချိန်တွင် ဂျူးမြစ်များကို စတင်နှုတ်ယူ ရောင်းချကြရာ ဂျူးမြစ် တစ်ပိသာလျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြကြောင်း သိရသည်။

ရှမ်းပြည်၏အဓိက ဒေသထွက်ကုန် ပဲပုပ်များတွင် ဂျူးကို အဓိကထည့်၍ ဂျူးပဲပုပ်အဖြစ်ပြုလုပ်ကြရာ ဂျူးသည် ကုန်ကြမ်းအဖြစ် အသုံးများကြသည်။ ဂျူးမြစ်ကို  နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် သွေးဖိအား ပုံမှန်ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမားဖြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုကြောင့်ဖြစ်သောရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းကြောင်းကင်ဆာများကို ကာကွယ်နိုင်ခြင်းစသည့် ကောင်းကျိုးများ ရရှိနိုင်ကြောင်း ဆေးပညာဆောင်းပါးများမှတဆင့် သိရှိရသည်။

ရဲထက်ဦး(ပြန်/ဆက်)