မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် ပန္နတင်မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မိုးညှင်း ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် အတွက် ပန္နတင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက အဆိုပါ ရွာလည်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ပန္နတင်မင်္ဂလာအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအောင်နှင့် ကျေးရွာ ရပ်မိရပ် ဖများမှ သတ်မှတ်နေရာများ အသီးသီးတွင် ပန္နတင်ရိုက်ကြပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပန္နတင်မင်္ဂလာအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များ၊ ရိုးရာယဉ်ကျေးမှုအက အဖွဲ့များ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် ရွာသူရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျေးရွာဘက်စုံသုံးခန်းမကို ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ဖြင့် ငွေကျပ်သိန်း(၁၅၀)နှင့် မြစိမ်းရောင်အတိုးရငွေကျပ် သိန်း(၃၅၀) စုစုပေါင်းငွေကျပ် သိန်း(၅၀၀)တို့ဖြင့် အလျားပေ(၆၀)၊ အနံပေ(၃၀)နှင့် အမြင့်(၁၂)ပေရှိ အုတ်ညှပ်‌တစ်ထပ်အမျိုးအစား ကျေးရွာဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်ထံမှ သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)