မအီ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၄)ရပ်ကွက်၊ အောင်သစ္စာလမ်း ရေမြောင်းပိတ်ဆို့နေမှုအား မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်၊ အဖွဲ့ဝန်ထမ်းများနှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်တို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၄)ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ ဦးလှမောင်၏ အိမ်ခြံရှေ့၌ ရေစီးရေလာသွားရာ ရေမြောင်းအား ပိတ်ဆို့နေမှုအပေါ် တွေ့ရှိရ၍ အမှုဆောင်အရာရှိ ဦးညီညီလွင်က မိမိတို့ရပ်ကွက် ရေစီးရေလာကောင်းမွန်စေရေး၊ ရေညစ်ညမ်းမှုများကြောင့် ခြင်ပေါက်ပွားမှုများ မဖြစ်ပေါ်စေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေသွားလာမှုအား ပိတ်ဆို့စေသည့် အမှိုက်သရိုက်များကို ဖယ်ရှား၍ ရေစီးရေလာ ကောင်းမွန်သည့် ရေမြောင်း ဖြစ်ပေါ်လာစေရေးအတွက် မိမိတို့ အသိစိတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့သည်။
မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် အခြား စည်ပင်သာယာရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)