မအီ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် KG ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ်ထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ၂ နှစ်အောက်ကလေးများအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက် အစရှိသည့် ရောဂါများမဖြစ်ပွားရေန် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် သက်ကြီးရွယ်အိုများအား (အခမဲ့)အခြားကျန်းမာရေး စောက်ရှောက်ခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ မူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခြေတော်ရာကျေးရွာမှာ ဗုဒ္ဓဘာသာ ချင်းတိုင်းရင်သားများနေထိုင်ပြီး မအီမြို့နှင့် တောင်ပေါ်ခရီး ၁၇ မိုင်ခန့်ကွာဝေး၍ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ရွာကလေးဖြစ်ကြောင်း၊ အိမ်ခြေ(၅၇)အိမ်နှင့် လူဦးရေ ၂၀၀ ကျော်ခန့်နေထိုင်ကြကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ လက်ပံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ၊ သက်ဆိုင်ရာပညာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများကို မအီမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများတွင် ညွှန်ကြားချက်နှင့်အညီ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)