နှစ်(၉၀၀)ကျော်သက်တမ်းရှိ ပုဂံခေတ် (၁၁)ရာစုလက်ရာ ကြေးကြာဖူးကို ပြည်သူများလေ့လာနိုင်စေရန် ပုဂံမြို့ဟောင်း ရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထား

ညောင်ဦး  ဩဂုတ်  ၂၈

နှစ်(၉၀၀)ကျော်သက်တမ်းရှိသည့် ပုဂံခေတ် (၁၁)ရာစုလက်ရာ ကြေးကြာဖူးအား ပြည်သူအများလေ့လာနိုင်ရန် ပုဂံမြို့ဟောင်းရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါကြေးကြာဖူးသည် ပုဂံခေတ် (၁၁)ရာစုလက်ရာဖြစ်ပြီး အဆိုပါကြေးကြာဖူးကို ၁၉၇၅ ခုနှစ်၊ ငလျင်လှုပ်စဉ်က  ဥပါလိသိမ်အနီး ဂူဘုရားပျက်မှရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကြေးလက်ရာမှာ ပြောင်မြောက်လွန်းလှပြီး ကြေးကြာဖူးတွင် ပွင့်ဖတ်(၈)ချပ်ပါရှိကာ ပတ်တာကဲ့သို့ ထစ်ကလေးများဖြင့်ပြုလုပ်ထားသည့်အတွက် ဖွင့်၍ပိတ်၍ရသည်က ထူးခြားနေကာ ပုဂံခေတ်၏ ပန်းတဉ်းပညာရပ် အဆင့်မြင့်ကြောင်းကိုဖော်ပြနေကြောင်း၊ ဖွင့်လိုက်သည့်အခါ ကြာပွင့်ပုံစံဖြစ်သွားပြီး ပိတ်လိုက်သည့်အခါ ကြာဖူးပုံဖြစ်သွားသည့်အတွက် ကြေးကြာဖူးဟုခေါ်တွင်ခြင်း ဖြစ်ကြောင်း၊ ကြာရိုးတံ၏တည့်တည့်အပေါ်ပိုင်းတွင် စေတီငယ်တစ်ဆူရှိကာ ကြာဖတ်၏အတွင်းပိုင်း ကွမ်းတောင်တွင် ဗုဒ္ဓဝင်ရှစ်ခန်းကို လက် ရာပြောင်မြောက်စွာ ပြုလုပ်ထားသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ၎င်းအပြင် ပွင့်ဖတ်တစ်ချပ်စီတွင် သာဝကတစ်ပါးစီပူဇော်ပါရှိပြီး ကြေးကြာဖူးကို တစ်ခုခြင်းဖြုတ်၍လည်းရကြောင်း၊ ပန်းတဉ်းပညာရပ်ဟုခေါ်သော ကြေးသွန်းလက်ရာအလွန်ပြောင်မြောက်လှကြောင်း၊ နှစ် ပေါင်း(၉၀၀)ကျော် ကြာမြင့်ပြီဖြစ်၍ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းမြန်မာ့ယဉ်ကျေး မှုအမွေအနှစ်ပစ္စည်းဖြစ်ကြောင်း၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးတွင် ဂုဏ်ယူစွာ ပြသထားကြောင်းသိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာ ပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များ ပြခန်း၊ ပုဂံခေတ် ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေး ပန်းချီပြခန်း စသည်ဖြင့် ပြခန်း(၁၀)ခန်းခင်းကျင်းပြသထားကြောင်း သိရသည်။

ဒီပါလင်း