ပုဏ္ဏားကျွန်းမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပုဏ္ဏားကျွန်း ဩဂုတ် ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များ ရောဂါဘယများကင်းဝေးပြီး၊ ကျန်းမာသန်စွမ်းတဲ့ လူစွမ်းအားအရင်းအမြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံရာတွင်  မွေးစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေ့ခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆိုတ်ရောင် (PCV)၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များကို မေ့ခိုင်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မွေးကင်းစအသက်နှစ်လမှ တစ်နှစ်(၆)လအထိ၊ သတ်မှတ်ရက်ပြည့်သည့် ကလေးငယ်(၃၆၀၇)ဦးတို့ကို အလှည့်ကျပုံမှန် (၅)ကြိမ်အထိ၊ ကျန်းမာရေးသူနာပြုဝန်ထမ်းများက သက်ဆိုင်ရာသတ်မှတ်နေရာများ၌ တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)