သီပေါ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချင်းချင်းချစ်ခင် ရင်းနှီးမှုရရှိစေရန်၊စိတ်အပန်းဖြေပျော်ရွှင်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာ သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲများကို ဩဂုတ်လ(၂၆)ရက်နေ့ နံနက်(၁၀)နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီလာစိုးက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းခွဲမှမူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးက ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နှင့်မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲများကို အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲကိုကျင်းပရာ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်၊ လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လင်းလင်းထွန်းက စားသုံးသူများ၏ အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်မြပွင့်ဖြူနှင့် ဒုတိယဦးစီးမှူး ဒေါ်အိအိမျိုးတို့က ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူကလေးများက ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)