ဆီဆိုင် ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆိုလာဖြင့် ရေအမြင့်တင်ခြင်းလုပ်ငန်းနှင့် ရေသန့်စက်ဝယ်ယူခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ယမန်နေ့နံနက် ၁၀ နာရီက တဘက်ကျေးရွာအုပ်စု၊ ဝိန်းလုံကျေးရွာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထျာရယ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာတွင် ဩဂုတ် ၄ ရက်နေ့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(၁၂.၂)သန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ(၀.၃)သန်းဖြင့် ဆိုလာဖြင့်ရေအမြင့်တင်ခြင်းလုပ်ငန်း(၉၈%)ရာခိုင်နှုန်းနှင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(၂.၈)သန်းဖြင့် ရေသန့်စက်ဝယ်ယူခြင်းလုပ်ငန်း (၆၀%)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းလုံကျေးရွာတွင် အိမ်ခြေ(၉၈)အိမ်၊ အိမ်ထောင်စု(၉၈)စု၊ လူဦးရေ(၄၇၆)ဦးရှိပြီး အဆိုပါလုပ်ငန်းများပြီးစီးပါက ကျေးရွာရှိပြည်သူလူထုများမှ သန့်ရှင်းသော သောက်သုံးရေရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)