ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံ

ပုဏ္ဏားကျွန်း ဩဂုတ် ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်ရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်တွင် သက်ဆိုင်ရာကျောင်းများ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သော သူနာပြုကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်ပြည်ပြီး KG ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၂၄ ရက်နေ့က အခြေခံပညာကျောင်း ၅ ကျောင်းတွင် ကျောင်းသား/သူ ၁၈၆ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် စနစ်တကျထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

 နီထွန်းအောင်(ပြန်/ဆက်)