ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

စစ်တွေ ဩဂုတ် ၂၈

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း ပုထိုးတော်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကာ ပုထိုးတော်ကြီး လိုဏ်ဂူတော်အတွင်း လှည့်လည်ဖူးမြော်ပြီး ပုထိုးတော်ကြီး ဘက်စုံပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းပြားမြို့နယ်၊ နရမ်းကျေးရွာအနီး၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းပြီး ဆင်းသွယ်လတ်နှင့် ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ထုတ်ဧက(၁၀၀) စိုက်ခင်းတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကြဲပက်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး မိုးစပါးများ စိုက်ပျိုးအောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မင်းပြားမြို့နယ်အတွင်း မိုးသီးနှံများစိုက်ပျိုးပြီးစီးမှု၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ အကျိုးဆောင်တောင်သူများဖြင့် မိုးစပါးဧက(၁၀၀) မျိုးစေ့ထုတ်စိုက်ခင်းနှင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)အထွက်နှုန်း တင်း(၁၀၀) ရရှိရေးစံပြကွက်များ စိုက်ပျိုးထားရှိမှုတို့ကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် အထွက်နှုန်းကောင်းသည့် စပါးမျိုးများအား စနစ်တကျစိုက်ပျိုးနိုင်ရေးတို့ကို မှာကြားပြီး တောင်သူများကို စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ထိခိုက်ပျက်စီးသွားသည့် မင်းပြားမြို့၊ မင်းဘာကြီးဆိပ်ကမ်းတွင် ယာယီဆိပ်ခံတံတား ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ပြန်လည်တည်ဆောက်မည့်အခြေအနေများ၊ ကမ်းထိန်းလုပ်ငန်းဆောက်ရွက်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားကာ မင်းပြားမြို့နယ်၊ ကြပ်စင်တံတားသို့ သွားရောက်၍ တံတားကြံ့ခိုင်ရေးကောင်းမွန်းမှု၊ တံတားပေါ်မှ မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်များသို့ ခရီးသွားပြည်သူများ၊ ဒေသထွက်ကုန်များ သယ်ဆောင်ဖြတ်သန်းသွားလာနေမှုတို့ကို သွားရောက်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မလိခဆိပ်ကမ်း ဆိပ်ခံတံတားသစ်ဆောက်လုပ်ရန် လျာထားသည့် နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖများက လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေး ညှိနှိုင်းပေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသော မင်းကန်အား ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)ဖြင့် ပြန်လည်တူးဖော်ကာ ရေသိုလှောင်ထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့၊ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက် သို့သွားရောက်ပြီး ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်ဆေးဝါးများ လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ မြို့နယ်ဩဝါဒါစရိယ၊ မြို့မတောင်ကျောင်းဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ဆွေဆွေမြတ် အမှူးပြုသော  ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများကို ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက် ဆရာတော်ထံမှ ဩဝါခံယူပြီး လှူဒါန်းမှူးအစုစုတို့အတွက် ရေစက်သွန်ချအမျှ ပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-အမ်း-စစ်တွေအဝေးပြေး ကားလမ်းပေါ်ရှိ ရာမောင်တံတားသို့ သွားရောက်ပြီး တံတားကြံ့ခိုင်မှု၊ ခရီးသည်ယာဉ်များနှင့် ကုန်သည်ယာဉ်များ ဖြတ်သန်းသွားလာနေမှုတို့ကို ကြည့်ရှုကာ ယခင်ကြိုးတံတားအား ထိန်းသိမ်းနိုင်ကြပ်မတ်နိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာ မဟာသကျရန်အောင်ဓမ္မာရုံ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအသိပညာပေးဟောခြင်းနှင့် ပန်းခင်းစီမံချက်(အဆင့်-၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံကာ ဒေသထွက်ကုန် သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသအတွက်လိုအပ်ချက်များအား တွေ့ဆုံဆွေးနွေးကြရေး၊ ပညာကိုကြိုးစားသင်ယူရေး၊ လူငယ်များအနေဖြင့် ခေတ်မီနည်းစနစ်ဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အထွက်နှုန်းကောင်းအောင် ကြိုးစား စိုက်ပျိုးကြစေရေးတို့ကိုမှာကြားပြီး  ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများကို စားသောက်ဖွယ်ရာ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာအနီး၌ မိုခါမုန်တိုင်းသင့် တောင်သူများအား နိုင်ငံတော်မှထောက်ပံ့သည့် အထွက်နှုန်းကောင်း နှံကောက်မျိုးစပါး ၆၀ ဧက စိုက်ခင်းတွင် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာရောစပ်ကြဲပက်ပွဲသို့ တက်ရောက်ကြရာ  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မိုခါမုန်တိုင်းသင့်တောင်သူများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် အထွက်နှုန်းကောင်း မျိုးစပါးများဖြန့်ဝေပေးပြီး စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ စံပြကွက်များ ဖော်ဆောင်ထားရှိမှုအခြေအနေ၊ မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားပြီး စိုက်ခင်းအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကြဲပက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ တောင်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့၊ အောင်မင်္ဂလာဘုန်းတော်ကြီး ကျောင်းတိုက်သို့သွားရောက်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တပညာသာမိ၊ အောင်မင်္ဂလာ ဆရာတော်ကြီးနှင့် ဆရာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်ဆေးဝါးများကို ဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)