ရခိုင်ပြည်နယ် မောင်တောမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-ဘူးသီးတောင်သွား ကားလမ်းမပေါ်တွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်

မောင်တော ဩဂုတ် ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-ဘူးသီးတောင်သွား ကားလမ်းမပေါ်တွင် ယမန်နေ့နံနက်ပိုင်းက တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တော-ဘူးသီးတောင်သွား ကားလမ်းမပေါ်ရှိ (၉/၂-၉/၃)ကြား တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့်  လမ်းဦးစီးဌာနမှ ခရိုင်အင်ဂျင်နီယာ ဦးဇော်မင်းနှင့် မြို့နယ်အင်ဂျင်နီယာ ဦးဖြိုးမင်းသန်း ဦးဆောင်၍ လုပ်သားအင်အား ၁၀ ဦးခန့်နှင့်အတူ  တောင်မြေပြိုကျနေမှုအား မြေကော်စက်တစ်စီးဖြင့်  မော်တော်ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေးအတွက်  ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ညနေပိုင်းတွင်  ပုံမှန်အတိုင်း မော်တော်ယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင်  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြောက်ဘက်ခြမ်းရှိ အလျား ၆၀ ပေခန့်၊ အနံ ၅ ပေခန့် အုတ်တံတိုင်းပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်

ခရိုင်(ပြန်/ဆက်)