မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးစီး

မန့်ဟီးရိုး ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မန့်ဟီးရီုးမြို့၊ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်ခေါမိုင်နှင့် ကျန်းမားရေးဝန်ထမ်းများက ထိုးနှံဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးမထိုးနှံမှီ ကျောင်းသား/သူများအား ၎င်းတို့၏ မိဘများထံမှ ကာကွယ်ဆေးထိုးနှံခွင့်ရယူ၍ မထိုးနှံမှီ အပူချိန်တိုင်းတာခြင်း၊ ယခင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသည့် အကြိမ်အရေအတွက်နှင့် နောက်ဆုံးထိုးနှံခဲ့သည့် လ၊ ရက်တို့ကို မေးမြန်းစာရင်းကောက်ယူခြင်းအပြင် လိုအပ်သော ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများကို လုပ်ဆောင်ပေးခဲ့ကြပါသည်။ ယင်းကာကွယ်ဆေးကို အသက်(၁၂)နှစ်နှင့်အထက်ရှိ မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူစုစုပေါင်း(၃၄)ဦးနှင့် အခြေခံပညာမူလတန်းကျောင်း (နောင်ခေါ်)မှ ကျောင်းသား/သူ(၂)ဦး ထိုးနှံပေးခဲ့ပါသည်။

ထိုသို့ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့်တကွ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဟန်တို့က အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုး(ပြန်/ဆက်)