ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗန်းမော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများသို့ စစ်ဆေးဆောင်ရွက်

ဗန်းမော်   သြဂုတ်  ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ နယ်စပ်‌ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများကို ယမန်နေ့နံနက် ၉ နာရီက သွားရောက်စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဗန်းမော်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းကျောင်းခန်းမ၌ ဆရာ/ ဆရာမများ၊ ဌာနမှဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ၍ ပြည်နယ် ဝန်ကြီးက အားပေးအမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် သင်တန်းကျောင်းအုပ်၏ သင်တန်းကျောင်းဆိုင်ရာအချက် အလက်များ၊ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးကာ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ထောက်ပံ့ပေးခဲ့ပြီး သင်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ၏ အိပ်ဆောင်များ၊ ထမင်းစားဆောင်နှင့် သင်တန်း ကျောင်းစာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ဗန်းမော်မြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွား ရောက်ပြီး သင်တန်းကျောင်းအုပ်၊ ဆရာ/ဆရာမများနှင့် စက်ချုပ်ပညာသင်တန်းတက်ရောက်နေ သည့် သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းအတွင်း သင်တန်းသူများ၏ အခြေခံစက်ချုပ်သင်တန်း သင်ကြားနေမှု အခြေအနေများ၊ သင်တန်းသူအိပ်ဆောင်များနှင့် သင်တန်းသူများအတွက် ချက်ပြုတ်ကျွေးမွေးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)