ရမည်းသင်းမြို့၊ ရွာတန်းအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရမည်းသင်း ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် ဉာဏ်ရည်ပြည့်ဝစေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ ရွာတန်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရွာတန်းအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်စိုးစိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ဗဟုသုတများ ပိုမိုရရှိစေပြီး တစ်ဦးနှင့်တစ်ဦး အသိပညာ အတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်းရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာပြီး လူစွမ်းအားအရင်းအမြစ်များ တိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ရွာတန်းအခြေခံပညာအထက်တန်းကျောင်း Grade-11 ကျောင်းသူ မဝါဝါပြည့်မှ လူငယ်နှင့် စာပေလေ့လာမှုခေါင်းစဉ်ဖြင့် စာအုပ်၊ စာပေဖတ်ခြင်း၏ အကျိုးကျေးဇူးကိုလည်းကောင်း၊ Grade-11 ကျောင်းသားမောင်ဟိန်းထက်မှ လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဥ်ဖြင့် ဆိုရှယ်မီဒီယာကောင်းကျိုးနှင့် ဂိမ်းကစားခြင်းဆိုးကျိုးကိုလည်းကောင်း၊ Grade -11ကျောင်းသူမပြည့်မြတ်စန္ဒာအောင်မှ လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းကိုလည်းကောင်း၊ Grade11 ကျောင်းသားမောင်ဆိုင်မြတ်မင်းမှ လူငယ်နှင့်မျိုးချစ်စိတ်ဓါတ် ခေါင်းစဉ်ဖြင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးနှင့်အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်ရေးကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် Grade- 8/ 9/ 10/ 11 ကျောင်းသား/ကျောင်းသူတို့မှ ခေါင်းစဉ်အလိုက် သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်သူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရွာတန်းအခြေခံပညာအထက်တန်းကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၆၉)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှု ပပျောက်ရေးနှင့် အသိပညာဗဟုသုတကြွဝဖို့ စာအုပ်စာပေလေ့လာစို့ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ မှတ်သားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်