ကျောက်မဲမြို့၊ အ.ထ.က(၃)ကျောင်းတွင် လူငယ်စကားဝိုင်းနှင့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်မဲ သြဂုတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အ.ထ.က(၃)ကျောင်း၊ နဝရတ်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တာဝန်ခံကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာက ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းအတွက် အားကစားဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်းပေးခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ကျောင်းသူ (၆) ဦးက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်၊ လူငယ်နှင့် Social Midia ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား‌၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊  လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီ၊ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွယ်တို့က ထပ်ဆင့်ဖြည့်စွက် ဆွေးနွေးခြင်းများ‌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော  နံရံကပ်စာစောင် စာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)