ရခိုင်ပြည်နယ် မောင်တောမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းဉပဒေများအကြောင်း အသိပညာပေးဟောပြောဆွေးနွေး

မောင်တော ဩဂုတ် ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  သက်ကြီးရွယ်အို အဘိုး၊ အဘွားများအား လေးစားချစ်ခင်၍ တန်ဖိုးထားပြီး ကိုယ်ချင်းစာစိတ် ထားတတ်စေရန်နှင့် ကောင်းမွန်သောစိတ်ဓာတ်များမွေးမြူတတ်စေရန်ရည်ရွယ်၍ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းဉပဒေများ အကြောင်းအသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့အသိပညာပေးဟောပြောရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးဒေါစိန်သန်းကြည်က လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ရေးဆွဲပြဌာန်းထားသည့် သက်ကြီးရွယ်အိုးများဆိုင်ရာ ဥပဒေ(၂၀၁၆) ခုနှစ် ပါဝင်သော အကြောင်းအရာများ၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းဉပဒေများတွင် ပါဝင်သောအကြောင်းအရာများ၊ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုရေးပင်စင်များထောက်ပံ့ပေးနေမှုစသည့် အကြောင်းအရာများအား  အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး သိလိုသည်များကိုလည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)‌