ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

စစ်တွေ ဩဂုတ် ၂၇

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော် မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ဆင်းသွယ်လတ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စူပါဘိုကာရှီကြဲပက်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး မိုးစပါးများ စိုက်ပျိုးအောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အထွက်နှုန်းကောင်းသည့် မျိုးစပါးများ ဖြန့်ဝေထားရှိမှုနှင့် ထွန်ယက် စိုက်ပျိုးပြီးစီးနေမှု၊ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ ရာသီအလိုက်သီးနှံများ စိုက်ပျိုးနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် အထွက်နှုန်းကောင်းသည့် စပါးမျိုးများအား စနစ်တကျ စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားပြီး တောင်သူများကို စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ထိခိုက်ပျက်စီးသွားသည့် ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးသို့ သွားရောက်သည့်  ဥရာဇ်မင်္ဂလာ ကြိုးတံတားအား ပြန်လည်ပြုပြင်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဥရာဇ်တော်ဓာတ်စေတီ ဓာတ်လှေကားလျှောက်လမ်းနှင့် အမိုးအကာများ ပြန်လည်ပြုပြင်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးကြကာ လိုအပ်သည်များကို အချိန်မီပြုပြင်နိုင်ရေး မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများပူးပေါင်းပြီး နိုင်ငံတော်မှထောက်ပံ့သည် အထွက်နှုန်းကောင်း GW – 11 မျိုးစပါးစိုက်ခင်းနှင့် (၁)ဧကတင်း(၁၀၀)ထက် ထွက်ရှိရေး တစ်ကွင်းတစ်စပ်တည်း ဧက ၁၀၀ စံပြစိုက်ခင်းသို့ သွားရောက်ကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မိုခါမုန်တိုင်းသင့်တောင်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အထွက်နှုန်းကောင်း မျိုးစပါးများဖြန့်ဝေပေးပြီး စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မိုးစပါးအထွက်နှုန်းတင်း (၁၀၀) ထွက်ရှိရေး စံပြကွက်များ ဖော်ဆောင်ထားရှိမှုအခြေအနေ၊ မိုးစပါးနှင့်မိုးသီးနှံများ စိုက်ပျိုးပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာများသို့ကွင်းဆင်းပြီး တောင်သူများနှင့်ထိတွေ့ကာ စိုက်ပျိုးရေး နည်းစနစ်များ၊ နည်းပညာများကူညီပေးနိုင်ရေး ဆောင်ရွက်သွားကြရန်မှာကြားပြီး စံပြစိုက်ခင်းအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကြဲပက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြကာ တောင်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးရေးသိပ္ ပံ(ကျောက်တော်)ကျောင်းအား ပြန်လည်ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးသိပ္ပံကျောင်းရုံးခန်း၌ ကျောင်းအုပ်ဆရာကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုများ၊ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုများ၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)မှ စိုက်ပျိုးရေးဒီပလိုမာ ရရှိခဲ့မှုနှင့်ဌာနဆိုင်ရာရုံးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ကုမ္ပဏီများတွင် ဝင်ရောက်တာဝန်ထမ်းဆောင် လုပ်ကိုင်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်) အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကြသည်။ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးကိုအဓိကထား ဆောင်ရွက်နေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အဓိကအားဖြင့်စားရေရိက္ခာ ဖူလုံရေးသည်အဓိကဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်သည့် အခြေအနေများစွာရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြည်နယ်၏စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အားထားရသည့် ဒေသခံတောင်သူများ၏ လိုအပ်သော နည်းပညာများ ပံ့ပိုးပေးနိုင်သူများဖြစ်အောင်ကြိုးစားသင်ယူကြစေလိုကြောင်း၊ ဆရာ၊ဆရာမများ၏ စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများကို စိတ်ဝင်တစားသင်ယူမှတ်သားကာ မိမိတို့၏ ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်ကြိုးစား အားထုတ်ကြစေလိုကြောင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်) ကျောင်းရှိ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်အိတ်(၅၀)နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့၊ ကမ်းနားလမ်းသင်္ဘော ဆိပ်သို့သွားရောက်ပြီး ကုန်စည်သယ်ယူပို့ဆောင်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုကာ ကမ်းနားလမ်းရှိယာယီဈေးအတွင်း ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့၊ မြို့မရွှေကျောင်းပရိ ယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများ လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ဆွေဆွေမြတ်က သက်တော်ရှည် မြို့မရွှေကျောင်း ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများကို ဆက်ကပ်လှူဒါန်းကြကာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ ဝက်မိုင်းကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင် ဦးညီညီသန်း၏ လခြမ်းမြေဆန်စက်အား သွားရောက်ကြည့်ရှုအားပေးကြရာ ဆန်စက်လုပ်ငန်းတာဝန်ခံက ဆန်များ ကြိတ်ခွဲထုတ်လှုပ်မှုအဆင့်ဆင့်နှင့် ဆန်သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးရောင်းချနေမှုတို့ကို လိုက်လံရှင်းလင်းပြသရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးအား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ရေချမ်းများဆက်ကပ်လှူဒါန်းကြကာ ဘုရားကြီးသိမ်တော်ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)