တောင်ကြီး ဩဂုတ် ၂၇
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ယမန်နေ့ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း တို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၄) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၅) ဂိုး ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ရခိုင်ပြည်အသင်းမှ ကျောနံပါတ် (၁၁) မထက်ထက်ဝင်းနှင့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ် (၆) မနန်းအေးနန္တာဝင်းတို့ ရရှိခဲ့ကြသည်။
အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား အမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းနှင့် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ဩဂုတ်လ ၂၇ ရက်နေ့ပွဲစဉ်များအဖြစ် မွန်ပြည်နယ် အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်းသိရှိရပါသည်။
စိုင်းသန်းကျော်(တောင်ကြီး)