လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

လယ်ဝေး သြဂုတ် ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဩဂုတ်လ ၂၅ ရက်နေ့နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်၊ ပုံပြောနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်က လူငယ်များ၏ အနာဂတ်သည် နိုင်ငံတော်အတွက် အရေးပါမှု၊ အနာဂတ်တွင်အောင်မြင်သည့် လူငယ်များဖြစ်လာစေရေးအတွက် လိုက်နာ ကျင့်သုံးသင့်သည့် ဗလငါးတန်အကြောင်းနှင့် လူငယ်နှင့်အနာဂတ်ရည်မှန်းချက်များအကြောင်း အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူလေးများက မိုးရာသီ သဘာဝအလှ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး မူလတန်းအဆင့် ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲအား ဆက်လက်ကျင်းပသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဆုရကျောင်းသားကျောင်းသူ ၁၁ ဦးအား မြို့နယ်ဦးစီးမှူး၊ လယ်ဝေးမြို့နယ် MSME အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)