လယ်ဝေး သြဂုတ် ၂၇
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဉီးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ညောင်ကုန်းစံပြကျေးရွာသို့ ရောက်ရှိကာ ကျေးရွာ SMU ခန်းမတွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။
ရှေးဉီးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဉီးမြင့်စိုးက ညောင်ကုန်းကျေးရွာကို ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်၍ သက်ဆိုင်ရာဌာနပေါင်းစုံက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာသူကျေးရွာသားများ အနေဖြင့်လည်း မိမိတို့ကျေးရွာက ယခင်နဲ့မတူ ခေတ်မီစံပြကျေးရွာအဖြစ် ညောင်ကုန်းတစ်ရွာသာ ရွေးချယ်ဆောင်ရွက် လျက်ရှိသဖြင့် ရုပ်ဝတ္ထုများတိုးတက်လာသလို စိတ်ဓာတ်များလည်း တိုးတက်ဖွံ့ဖြိုးလာရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သလို မိမိတို့ကျေးရွာသူကျေးရွာသားများကလည်း လိုက်ပါဆောင်ရွက် ကြရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူးဉီးနိုင်ဝင်းက ညောင်ကုန်းကျေးရွာအား စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါ်လဲ့လဲ့နိုင်က ညောင်ကုန်းစံပြကျေးရွာ၏အချက်အလက်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးမည့်လုပ်ငန်းများ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း RBF အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ညောင်ကုန်း ခေတ်မီစံပြကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကဏ္ဍကြီး ၆ ရပ်ဖြင့် နှစ်အလိုက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ညောင်ကုန်းကျေးရွာမှ ပြည်သူတစ်ဉီးက ရွာသူရွာသားများအနေဖြင့် ပူးပေါင်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ညောင်ကုန်းကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းဖြင့် မွေးမြူထားသည့် ဆိတ်မွေးမြူရေးခြံနှင့် ဝက်မွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)