လားရှိုး ဩဂုတ် ၂၇
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ၊ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေ အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် စာရေးဆရာမ ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)က စာဖတ်ဝိုင်း ကျင်းပခြင်းမှ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ ကိုရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ ခမ်းယု(ငွေလမင်း)က ၎င်းရေးသားသည့် “ ကွမ်းယာနှင့်ကွမ်းစားခြင်းအန္တရာယ်” ဆောင်းပါးကို ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူလေးများက ဆောင်းပါးနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည် ဆွေးနွေးခြင်းနှင့် ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် မြို့နယ် စာရေးဆရာအသင်းဝင်များ ၊ ဆောင်းပါးရှင်ခမ်းယု (ငွေလမင်း)နှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် တို့က အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် လူငယ်စကားဝိုင်းများ ၊ ပြပွဲ/ ပြိုင်ပွဲများ ၊ စာဖတ်ဝိုင်းများ ၊ ဟောပြောပွဲများ ၊ သင်တန်းများ ၊ Talk show များကို စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)