တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

တာချီလိတ် ဩဂုတ်   ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် အ.ထ.က(တာလေ)အသင်းနှင့် အ.ထ.က(မိုင်းကိုး)အသင်းတို့ ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရရှိသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ရယူရာ အ.ထ.က(တာလေ)အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က နေရာအလိုက်အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများအပါအဝင် ပထမဆု၊ ဒုတိယဆု ရရှိသောအသင်းမှ တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားအား အသီးသီးဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင် ယှဉ်ပြိုင်ကျင်းပခဲ့ပြီး အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း ၇ သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)