ရန်ကုန် ဩဂုတ် ၂၇
မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် မသန်စွမ်းသူများ ပါဝင်ခွင့်ဆိုင်ရာ အသိပေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က “အသင်းအနေဖြင့် လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်တွင် အားလုံးအကျုံးဝင်မှု ရှိစေရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိရာ Inclusion for All ဆိုသည့်အတိုင်း မည်သူတစ်ဦး တစ်ယောက်မှ မဖယ်ကျန်ရစ်စေဖို့ No one left behind, No one left unsafe, No one left out အတိုင်း ဦးတည်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ယခု ပြုလုပ်သော အသိပေး ဆွေးနွေးပွဲများမှ တဆင့် ရရှိလာမည့် ဗဟုသုတအချက်အလက်များကို အခြေခံ၍ ရေရှည်တွင် ပိုမိုကောင်းမွန်သော မဟာဗျုဟာပန်းတိုင်များ ချမှတ်ရေးဆွဲစေလိုကြောင်း” တို့ကို အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဖင်လန်နိုင်ငံကြက်ခြေနီအသင်းမှ Country Manager Ms. Avelino Denise ကအသိပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်/ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယအထွေထွေအတွင်းရေးမှူး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ မိတ်ဖက်ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများမှ ကိုယ်စားလှယ်များ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဝန်ထမ်းများနှင့် အသိပေးဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေးမည့် Abilis Myanmar မှ ကိုယ်စားလှယ် များတက်ရောက်ခဲ့ကြသည်။
အဆိုပါအသိပေးဆွေးနွေးပွဲကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် မသန်စွမ်းသူများ၏ ပူးပေါင်းပါဝင်ခွင့်ဆိုင်ရာ အခန်းကဏ္ဍများတွင် ထည့်သွင်း စဉ်းစားရမည့်အချက်များကို ကောင်းမွန်စွာသိရှိနားလည်ပြီး ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)