မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ လောကမှန်ကူ၊ လောကဥသျှောင်‎စေတီတော်မြတ်ကြီး စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်နေကြမှု ကြည့်ရှုအားပေး

မော်လမြိုင် ဩဂုတ် ၂၇

မွန်ပြည်နယ်အတွင်း ဘုရားဖူးလာရောက်ကြမည့် ရဟန်း သံဃာတော်များ၊ အများပြည်သူများ စိတ်အေးချမ်းသာစွာ ကြည်ညိုသပ္ပါယ်စွာ ဖူးမြော်နိုင်ရေးအတွက် ဘုရား၊ စေတီ၊ ပုထိုးများမှာ စုပေါင်းသန့်ရှင်းရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသူများသည် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ လောကမှန်ကူ၊ လောကဥသျှောင်စေတီတော်မြတ်ကြီး၏ ပစ္စယာ၊ ရင်ပြင်တော်၊ တံတိုင်းများရှိ ရေညှိများ၊ အမှိုက်များကို တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဘုရား၊ စေတီ၊ ပုထိုးများ၏ ပရိဝုဏ် အတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ပေးကြရန်နှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ အဆင်ပြေချောမွေ့စွာနှင့်  စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခြင်းနှင့် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)