ဗိုလ်တထောင် သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုပညာဦးစီးဌာနနှင့် ဗိုလ်တထောင်မြို့နယ် အ.လ.က(၁)ကျောင်းတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါ ကျောင်းခန်းမ၌ ယမန်နေ့ နံနက်၁၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာဝန်ခံဆရာမကြီး ဒေါ်သင်းသင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က ကျောင်းသား/ကျောင်းသူများ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ် များရင့်သန်စေရန်နှင့် ပြောရဲဆိုရဲသည့် သတ္တိများရှိစေရန်၊ ကျောင်းစာများသာမက ဗဟုသုတရစေမည့် ပြင်ပစာများလည်း ဖတ်ကြရန်၊ ဗဟုသုတ ဖြစ်စေရန် ရည်ရွယ်၍ အသိ ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောပြီး ကျောင်းသူ/ကျောင်းသားများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားဖွယ် စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက်စာအုပ်များ ငှားပေးခြင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)