မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့်  ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်

မာန်အောင် သြဂုတ်၂၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီခွဲက သိမ္ဘလကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးကိစ္စ စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်​  ​လာရောက်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စစ်ကြောင်းတွင် ပါဝင်သော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းဝင်းက မှုခင်းကျဆင်းရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးတို့အတွက် အသိပညာပေး ပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍  ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် ကျေးလက်နေပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေး မေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့​​ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)