သာစည်မြို့နယ် ကုက္ကိုစုကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြသ

သာစည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် တောင်သူများ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်း အကျိုးကျေးဇူးများကို သိရှိနားလည်ခြင်းဖြင့် လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ပိုမိုလျင်မြန်စွာ ကူးပြောင်းနိုင်မည်ဖြစ်ရာ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၆)စက်မှုလယ်ယာစခန်း သာစည်မြို့မှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကုက္ကိုစုကျေးရွာ ကွင်းအမှတ်(၁၈၇၃) ဦးပိုင်အမှတ်(၈၁) တောင်သူဦးထင်အောင်၏ လယ်မြေသုံးဧက၌ပြုလုပ်ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် မိတ္ထီလာခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသိန်းထွန်းစံက အမှာစကားပြောကြားရာတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြသခြင်းရည်ရွယ်ချက်များ၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ အလုပ်သမားရှာဖွေရသည့် အခက်အခဲများလျော့ကျခြင်း၊ လုပ်ငန်းတွင်ကျယ်ခြင်းစသည်ဖြင့် အကျိုးကျေးဇူး ၁၃ ချက်ကို ရှင်းလင်းပြောကြားပြီး သာစည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးချမ်းမြဇော်က စနစ်ကျလယ်မြေဖော်ထုတ်ခြင်းနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်းသည်။ ထို့နောက် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး တာဝန်ရှိသူများက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနိုင်ရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်းနှင့်သမန်း ပြုပြင်ခြင်းများကို တောင်သူများအား ရှင်းလင်းပြသသည်။ ထိ့နောက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲသို့ မိတ္ထီလာခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်အတွင်းမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်