မချမ်းဘောမြို့နယ်တွင် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ် စံပြကွက်အား ဓာတ်မြေသြဇာနှင့် သဘာမြေသြဇာအချိုးကျ ကြဲပက်ပွဲနှင့်သဘာ၀မြေသြဇာပြုလုပ်နည်း နည်းပညာများဖြန့်ဝေ

မချမ်းဘော သြဂုတ် ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပူတာအိုဒေသဝမ်းစာ ဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် (၃)ဧကစိုက်ခင်းအား ဓာတ်မြေသြဇာတစ်ဆ+ သဘာဝမြေသြဇာသုံးဆ အချိုးကျကြဲပက်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အင်ဘူးဘော့ကျေးရွာ တောင်သူ ဦးကကျူးလဂျာ၏ စပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသော ဒေသခံတောင်သူများအား သဘာဝမြေသြဇာ ပြုလုပ်နည်း လက်ကမ်းစာစောင်များကို ဖြန့်ဝေကာ လက်ကမ်းစာစောင်ပါ ယူရီးယား(ပုလဲမြေသြဇာ)နှင့် စပါးခွံဖွဲကြမ်း မြေဆွေးပြုလုပ်နည်း၊ EM ဘိုကာရှီ မြေဆွေးပြုလုပ်နည်း၊ စပါယ်ရှယ် ဘိုကာရှီမြေဆွေးပြုလုပ်နည်း (Super boka Shi) ပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြနည်းပညာများ ဖြန့်ဝေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများက ဓာတ်မြေသြဇာတစ်ဆ+သဘာဝမြေသြဇာသုံးဆ အချိုးကျရောစပ်ထားသော မြေသြဇာများကိုစံပြကွက်၌ ကြဲပက်ခဲ့ကြကြောင်း သိရသည်။

မချမ်းဘောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှထောင်ပံ့သော ဆင်းဧကရီ- ၃အထွက်တိုး မျိုးစပါးတင်းပေါင်း(၈၅၀)ကို မြို့နယ်အထွက်တိုး မျိုးစပါးဖြန့်ဝေမှုကြီးကြပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စု၊ ကျေးရွာပေါင်း(၁၈)ရွာရှိ တောင်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီး အဆိုပါဖြန့်ဝေခဲ့သော မျိုးစပါးများကို သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းသင်တန်းများကိုလည်းကောင်း၊ တန်ဖိုးကြီး ဓာတ်မြေသြဇာ လျော့ချသုံးစွဲစေရန်အတွက် ဒေသထွက်ပစ္စည်းများဖြင့် စျေးနှုန်းသက်သာသော သဘာဝမြေသြဇာ ပြုလုပ်နည်း နည်းပညာများကိုလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)