မြစ်ကြီးနား သြဂုတ် ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ နေရပ်စွန့်ခွာပြည်သူများ၏ ယာယီခိုလှုံရာစခန်းများတွင် နေရပ် ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသော ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် ခရိုင်/မြို့နယ်တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၅ ရက် နံနက် ၉ နာရီက သွားရောက် တွေ့ဆုံအားပေးထောက်ပံ့သည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သိမ်မဟာဘုန်းတော်ကြီး ကျောင်းသို့သွားရောက်ပြီး ဗန်းမော်မြို့နယ် အတွင်းရှိ ကောင်းတုံကျေးရွာနှင့် ပူးတောင်းကျေးရွာတို့မှ ခေတ္တတိမ်းရှောင်လာသော အိမ်ထောင်စု ၄၉ စု၊ လူဦး ၁၆၈ ဦးတို့အား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားကာ အိမ်ထောင်စုများအတွက် ခေါက်ဆွဲခြောက်များနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်သည်။
အလားတူ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် လီဆူ IDPs စခန်း၊ AD 2000 နှစ်ခြင်းခရစ် ယာန်အသင်းတော် IDPs စခန်းနှင့် ကချင်စု စိန့်ဗရီးဂျစ်ကတ်သလစ်အသင်းတော် IDPs စခန်းများသို့ သွားရောက်ပြီး ဗန်းမော်မြို့နယ်အတွင်းရှိ ကောင်းတုံ၊ စင်းခန်း၊ မြလယ်၊ နောင်မို၊ ဗူးတောင်း၊ အောင်သပြေ၊ ကံသာရွာသစ်၊ ရေနီ၊ လက်ပန်းတန်း၊ ကံသာကျေးရွာနှင့် အောင်သာယာကျေးများမှ ခေတ္တတိမ်းရှောင်လာသော အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ထောက်ပံ့ပေးအပ်မှု များ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပြီး ပြည်နယ်ဝန်ကြီးအနေဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ အဆိုပါ IDPs စခန်းများမှ စုစုပေါင်း ၂၆၈ စုတို့အတွက် စုစုပေါင်းငွေကျပ် (၂၁၀၀၀၀၀) တန်ဖိုးရှိ ခေါက်ဆွဲခြောက် (၄၀၂၀)ထုပ်နှင့် ကြက်ဥ (၂၆၈၀)ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။
ခရိုင်ပြန်/ဆက်