မုဒုံ သြဂုတ် ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာပင်များ မိုးကာတပ်ဆင်အစေးခြစ်နည်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျိုက်ရွဲကျေးရွာရှိ စိုက်ကွက်အမှတ်(၈)၌ ကျင်းပသည်။
ရှေးဦးစွာ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ) ခြံတာဝန်ခံ ဦးမောင်မောင်မြင့်က မိုးရာသီတွင် မိုးကာ တပ်ဆင်ပြီး ရော်ဘာအစေးခြစ်ခြင်းဖြင့် အစေးခြစ်ရက်ပိုမိုရရှိစေ၍ တစ်ဧကအထွက်နှုန်းမြင့်မားကာ ရေရှည်တည်တံ့သည့် သဘာဝရော်ဘာထုတ်လုပ်မှုကို အထောက်အကူပြုစေရန်၊ မိုးရာသီကာလတွင် အစေးခြစ်လုပ်သားများအား ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ကျွမ်းကျင်လုပ်သားဆုံးရှုံးမှုပြဿနာကို ဖြေရှင်နိုင်စေခြင်း၊ စိုက်ခင်း အနေအထားနှင့်ထိရောက်စွာ ဆောင်ရွက်နိုင်မှုအပေါ်မူတည်ပြီး အထွက်နှုန်း ၂၅ - ၆၀ ရာခိုင်နှုန်းထိ ရရှိစေခြင်း၊ ဌာနမှ ထောက်ခံချက်ပေးထားသော အစေးခြစ်စနစ်နှင့် နှိုင်းယှဥ်ပါကအစေးခြစ်ရက် ၆၀ ခန့် ပိုမိုရရှိနိုင်သဖြင့် အထွက်နှုန်းပိုမိုရရှိပြီး ဝင်ငွေများတိုးတက်ရရှိစေခြင်း စသည့်မိုးကာတပ်ဆင်အစေးခြစ်ခြင်း၏ အကျိုးကျေးဇူးများနှင့် အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုခြံတာဝန်ခံက မိုးကာအုပ်အစေးခြစ်ခြင်း၏ လုပ်ငန်းစဥ်အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ မိုးကာအုပ်အစေးခြစ်ခြင်းဖြင့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသည့် တောင်သူရော်ဘာခြံရှင်တစ်ဦးက မိမိ၏စိုက်ပျိုးမှုအတွေ့အကြုံများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး တက်ရောက်လာကြသည့် ခြံရှင်များမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းနှင့် လုပ်ငန်းအဆင့်ဆင့်ကိုလက်တွေ့ပြသပေးခဲ့ရာ အဆိုပါကွင်း သရုပ်ပြပွဲသို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) တာဝန်ခံများနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူရော်ဘာခြံရှင်များ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာသဖြင့် ရော်ဘာအစေး ခြစ်ရက်များလျော့နည်းလာကြောင်း၊ တစ်နိုင်ငံလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ရော်ဘာစိုက်ပျိုးသော ဒေသများဖြစ်ကြသည့် မွန်နှင့်ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် တစ်နှစ်လျှင် ပျမ်းမျှမိုးရွာ ရက် (၁၂၄) ရက်နှင့်အထက်၊ မိုးရေချိန် (၁၂၀)လက်မနှင့် အထက်ရှိခြင်းကြောင့် ရော်ဘာပင်စည်လုံးပတ်ထက်ဝက်ရက်ခြားခြစ်ခြင်း (S/2d2)စနစ်ဖြင့် ပုံမှန် အစေးခြစ်ပါက အစေးခြစ်ရက် (၁၀၅ - ၁၁၀) ရက်ရရှိပြီး မိုးကာတပ်ဆင်ကာ အစေးခြစ်ခြင်း (S/2RGd2)စနစ်ဖြင့် အစေးခြစ်ပါက ရက်ပေါင်း(၁၇၀)ခန့်ရရှိ၍ အစေးခြစ်ရက်(၆၀)ခန့် ပိုမိုရရှိသောကြောင့် ရော်ဘာအထွက်နှုန်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)