ဇေယျာသီရိမြို့နယ်၌ လယ်ယာမြေဥပဒေများအကြောင်း သိကောင်းစရာများ တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ

ဇေယျာသီရိ ဩဂုတ် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေးခန်းမ၌ လယ်ယာမြေဥပဒေများအကြောင်း သိကောင်းစရာများ တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

တောင်သူပညာပေးဆွေးနွေးပွဲကို ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဌာနတွင် တောင်သူများ၏ အခက်အခဲများကို သက်ဆိုင်ရာပညာရှင်များက ပူးပေါင်းဆွေးနွေးအဖြေရှာပေးရန်အတွက် အပတ်စဉ်ကျင်းပလျက်ရှိပြီး ဆွေးနွေးပွဲသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တောင်သူများတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူချုပ် ဦးသက်နိုင်ဦးက အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး မြေယာဌာနခွဲ(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးက ဦးဆန်းလွင်က လယ်ယာမြေ ဥပဒေပြဋ္ဌာန်းခြင်း၏ရည်ရွယ်ချက်များ၊ တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ရေးဥပဒေ၊ လယ်ယာမြေစီမံခန့်ခွဲမှု ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့်၏အဓိပ္ပာယ်၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ပေးခြင်း အကြောင်းအရာများနှင့် အခွင့်အရေးများ၊ စည်းကမ်းချက်များကို မလိုက်နာပါက အရေးယူခြင်းအကြောင်း၊ နစ်နာကြေးနှင့် လျော်ကြေးများအကြောင်း၊ အမွေဆက်ခံသောလယ်ယာမြေနှင့်လုပ်ငန်းများ၊ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်များအကြောင်း၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း၊ ကန်ထရိုက် လယ်ယာစနစ် လုပ်ထုံးလုပ်နည်းများအကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် တောင်သူများက လယ်ယာမြေ ကိစ္စရပ်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)