ဝိုင်းမော် ဩဂုတ် ၂၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ အဏုဇီဝမြေဩဇာ (စူပါအီးအမ်ဘိုကာရှီ) စုပေါင်းကြဲပက်ပွဲကို ဩဂုတ် ၂၆ ရက်နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု စက်မူလယ်ယာစနစ်ကျ လယ်ယာမြေဧက (၁၀၀)ရှိ တောင်သူ ဦးဘောမ်ယိန်းနှင့် ဦးခေါက်ဆန်(၂) ဦး ပိုင်ဆိုင်သည့် ကွင်းအမှတ်(၂၃/က)၏ မိုးစပါး လယ်ယာမြေ (၅) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးယဉ်မင်းစိုးက အဏုဇီဝမြေဩဇာ (စူပါအီးအမ်ဘိုကာရှီ) လယ်ယာမြေဧကထဲသို့ ကြဲပက်ရခြင်း၏ရည်ရွယ်ချက်များ၊ မြေဆီသြဇာထက်သန်ဖို့ မြေကြီးကိုအစာကျွေးစို့၊ မြေဆီလွှာထက်သန်ဖွံ့ဖြိုးဖို့ သဘာဝမြေဩဇာ သုံးစွဲစို့ကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးသိပ္ပံအထက်တန်းကျောင်း တက်ရောက်နေသည့် ကျောင်းသား/သူ(၃၀) ဦးတို့ တက်ရောက်ကာ တက်ရောက်လာသူများက အဏုဇီဝမြေဩဇာ (စူပါအီးအမ်ဘိုကာရှီ) အား စုပေါင်းကြဲပက်ခဲ့ပြီး အဆိုပါ အဏုဇီဝမြေဩဇာ (စူပါအီးအမ်ဘိုကာရှီ) ပြုလုပ်နည်းများကိုလည်း ဒေသခံတောင်သူများ လွယ်ကူစွာပြုလုပ်နိုင်ရေး ဆွေးနွေးပို့ချခဲ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဖြူစင်