ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်ချနေ တစ်တင်း ၅၅၀၀၀ ကျပ် ရောင်းချနေရ

ညောင်ဦး  ဩဂုတ်  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်းချနေကြပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အောင်သာကျေးရွာ ကျေးလက်တောင်သူများက ပြောကြား၍ သိရသည်။

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပဲတီစိမ်းကြဲပက်စိုက်ပျိုးခြင်းအား မေလနှင့် ဇွန်လတို့တွင် စတင်ကြဲပက်စိုက်ပျိုးကြပြီး၊ စိုက်ပျိုးပြီး တစ်လခန့်အကြာတွင် အဖူး၊ အပွင့် စတင်ပွင့်ကာ၊ အပွင့်ပွင့်ပြီး အသီးသီးကာ ဆယ်ငါးရက်ခန့်အကြာတွင် အသီးများရင့်ပြီး ခူးဆွတ်အစေ့ထုတ်ကာ ပခုက္ကူမြို့ရှိ ပဲပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။ ယခုနှစ်တွင် ရာသီဥတု ကောင်းမွန်ကာ မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက် ပျိုးတောင်သူများ အပင်များ သန်မာထွားကျိုင်းပြီး အသီးသီးနှုန်းလည်း အထူးကောင်းမွန်ကာ ပဲတီစိမ်းစေ့များ အောင်မြင်ကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူ ဦးညိုမင်းကရှင်းပြ သည်။ပဲတီစိမ်းတစ်တင်း ၅၅၀၀၀ ကျပ်ရောင်းချရကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်းဖြစ်ကာ ပဲတီစိမ်းအထွက်လည်း ကောင်းကြကြောင်းသိရသည်။ ပဲတီစိမ်း ဆွတ်ခူးရာတွင် အလုပ်သမတစ်ဦး တစ်ရက် ၄၀၀၀ကျပ် ပေးရပြီး၊ တစ်ဧကစိုက် ခင်းတစ်ခင်း အလုပ်သမ ၁၀ဦး ၁၂ဦးခန့် ဆွတ်ခူးကြရကာ၊ စတင်စိုက်ပျိုးချိန်က ထွန်စက် ထွန်ယက်ခ တစ်နာရီ ၄၀၀၀၀ကျပ်၊ ထွန်ရှဉ်းထွန်ခ တစ်မနက် ၉၅၀၀ကျပ်ပေးရကြောင်း လည်းသိရကာ ယခုနှစ်ပဲတီစိမ်းအထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုး တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။

ပဲတီစိမ်းစိုက်ခင်းစိုက်ပျိုးသိမ်းပြီးချိန် ပဲတီစိမ်းရွက်များသည် စိုက်ခင်းအတွက်မြေ ဆီမြေနှစ် အင်မတန်ကောင်းမွန်သည့်အတွက် လာမည့်နှစ် စိုက်ပျိုးချိန် စိုက်ပျိုးသီးနှံများအတွက်လည်း မြေဩဇာကောင်းကြောင်း ညောင်ဦးမြို့နယ် ပန်းကုန်းပင်ကျေးရွာ ပဲတီစိမ်းစိုက်ပျိုးတောင်သူ ဦးစိုးအောင်က ရှင်းပြသည်။

ဒီပါလင်း