၂၀၂၃-၂၀၂၄ မိုး၊မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲ ကျင်းပ

မြစ်သား သြဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဝါလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဥဇဘတ်ကစ္စတန်နိုင်ငံမှ ဝါမျိုးသစ်(၈)မျိုးနှင့် ဒေသမျိုးရွှေတောင်(၁၀)၊ စုစုပေါင်း(၉)မျိုး စိုက်စနစ်ကွင်း သရုပ်ပြပွဲကို မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၂၁)၊ဦးပိုင် အမှတ်(၁၀၀)ရှိတောင်သူ ဦးအောင်မြင့်၏  ဝါစိုက်ခင်း ( ၃ )ဧက စိုက်ခင်းတွင်  ယမန်နေ့  မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်နှင့် စိုက်နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ဝါလုပ်ငန်းရှင်များ ပူးပေါင်း ၍ တောင်သူအကျိုးစီးပွားအတွက် ပြသခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ဥဇဘတ်ကစ္စတန်နိုင်ငံမှ ဝါမျိုးစေ့( ၈ ) မျိုးနှင့် ဒေသမျိုးရွှေတောင်(၁၀)ဝါမျိုးတို့ စိုက်စနစ်ချင်း အတူတူအပင် ဖြစ်ထွန်းမှု အခြေအနေနှင့် ဝါတစ်ဧကအထွက် မိတ်ဖက်များဖြစ်သည့် တစ်ပင်ပါ အပိတ်အပွင့်၊ သီးလုံးအရေအတွက်တို့ကို နှိုင်းယှဉ်ပြသပြီး တစ်ဧကပန်းတိုင် အထွက်နှုန်း ဝါပိဿာ (၇၀၀)ရရှိရေး နှိုင်းယှဉ်ပညာပေး ဆွေးနွေးခဲ့ပြီး ဝါစိုက်တောင်သူများအား ဝါမျိုးစေ့များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်အဆင့်အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ မြိုင်ကုန်းကျေးရွာအုပ်စုရှိ ဒေသခံဝါစိုက်တောင်သူ စုစုပေါင်း (၇၅)ဦး ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)