ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မိုင်းကိုးကျေးရွာတွင် ဓါတ်မြေသြဇာကြဲပက်ခြင်း အခမ်းအနားတက်ရောက်

တာချီလိတ် သြဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းကိုးကျေးရွာအုပ်စုတွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး သြဂုတ်(၂၅)ရက် နေ့လယ် (၁၂) နာရီခွဲက အဆိုပါကျေးရွာ၌ ဓါတ်မြေသြဇာကြဲပတ်ခြင်း အခမ်းအနားကျင်းပကြောင်း သိရသည်။

ဓါတ်မြေသြဇာကြဲပက်ခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် အားပေးကြပြီး တောင်သူများအား သက်တမ်း(၁၃၅)ရက်ရှိသော စပါးမျိုးကို နမူနာပြု၍ မြေသြဇာထည့်သွင်းချိန်ပြဇယားကို ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းမှ ရှင်းလင်းပြီး တောင်သူ ဦးဝင်းလွင်ဦး စိုက်ပျိုးထားသော "မနောသုခ" စပါးခင်းထဲသို့ မြေသြဇာကြဲပတ်နေမှုကို ကြည့်ရှုအားပေးကြ၍ တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရွှေဗမာ ပိုးသတ်ဆေး၊ အပင်အားဆေး၊ ရွက်ဖျန်းအားဆေးတို့ကို ပေးအပ်ရာ တောင်သူများမှ လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိုင်းကိုးကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံ၍ ဒေသခံတောင်သူများမှ ဒေသလိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ မြို့ရှောင်လမ်း ဖောက်လုပ်ထားရှိမှုကို ကြည့်ရှုရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲလင်း(မြို့ပြ)မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး တာချီလိတ်ခရိုင်တွင် ကျောက်ကြီးပြည့်သံခြင်း မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းအလျား (၆၅၀)ပေအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်သဘာဝဘေးရန်ပုံငွေ ကျပ်သန်း(၄၀၀)ဖြင့် ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုကြသည်။

အဆိုပါ ကျောက်ကြီးပြည့် သံခြင်းမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၂၀၂၃ခုနှစ် ဧပြီလ လဆန်းမှ ဇွန်လလယ်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ စက်မှုရပ်ကွက်ရှိ ရှင်းယုံကျဲန့် ဆောက်လုပ်ရေးကုမ္ပဏီမှ အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေဖျော်စက်ရုံ၊ ရေတိုင်ကီစက်ရုံ၊ အမိုးပြားစက်ရုံ၊ အခင်းပြားစက်ရုံ၊ ဘလောက်အုတ်စက်ရုံများတွင် ပစ္စည်းများထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် တာချီလိတ်လေယာဉ်ကွင်း လျာထားစီမံကိန်း(တာချီလိတ်)တွင် မူလလေယာဉ်ပြေးလမ်း (၇၀၅၀×၁၀၀)ပေအား ဘေးနှစ်ဖက်သို့ (၂၅)ပေစီကို တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် လေယာဉ်ကွင်းဆိုင်ရာ အချက်အလက်နှင့် ပတ်သက်၍ လျာထားစီမံကိန်း တာချီလိတ်လေယာဉ်ကွင်း တည်ဆောက်ရေးတာဝန်ခံ ဗိုလ်မှူးရဲဇော်မြင့်နှင့် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လေယာဉ်ကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)