သံတွဲ ဩဂုတ် ၂၇
သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွါးလာစေပြီး စဉ်းစားတွေးခေါ်မှုစွမ်းရည်များ မြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁း၃၀ နာရီက သံတွဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Youth Club အဖွဲ့ဥက္ကဋ္ဌ ကိုမင်းဒီပါကျောက Social Media ၏ ကောင်းကျိုးနှင့်ဆိုးကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ကိုညီနိုင်းထက်က လူငယ်နှင့်အားကစားနည်းပညာ ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောပေးခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင်ကျောင်းသား၊ ကျောင်းသူလေးများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)