နောင်ချို ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆမ္မဆယ်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကျေးရွာအုပ်စုများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင် ဦးဆောင်သော ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများနှင့်အတူ ဆမ္မဆယ် ကျေးရွာအုပ်စု၊ ဘန့်ဘွေးကျေးရွာအုပ်စုများရှိ လုပ်ငန်းရှင်းများ၊ တောင်သူများ မွေးမြူထားသော ကျွဲ၊ နွား၊ ဝက်၊ ကြက်ခြံများသို့ ကွင်းဆင်းစစ်ဆေးကာ မွေးမြူရေး အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် ဇီဝလုံခြုံမှု အပြည့်အဝရရှိစေရန် ကာကွယ်ဆေး ကွက်ပြည့်ထိုးနှံရန် အထူးလိုအပ်ကြောင်း၊ ကူးစက်ရောဂါကြောင့် မွေးမြူသူ လုပ်ငန်းရှင်များ၊ တောင်သူများ နစ်နာဆုံးရှုံးမှု လုံးဝမရှိစေရေးအတွက် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မျက်ချီးနုကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ ကျွဲ၊ နွား ခွာနာ / လျှာနာ ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသိ ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ နောင်ချိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် မိမိမြို့နယ်အတွင်း အသား၊ ဥ နှင့် နွားနို့ ထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးရိုးမြှင့် တိရစ္ဆာန်များ ပိုမိုးတိုးတက် မွေးမြူလာစေရေး၊ ဒေသအတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကင်းဝေးစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)