ရန်ကင်း ဩဂုတ် ၂၇
“ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ် ပညာ ဗဟုသုတများ ပြည့်စုံ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရန်ကင်း မြို့နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် “ လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ် ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆို တတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ” ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်ခိုင်ယဉ်ထွန်းတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှတ်( ၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူလေးများအား လက်ဆောင် ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရသည်။
လှလှထွေး(ပြန်/ဆက်)